Friday, December 18, 2009

ကရင်နှစ်သစ်ကူး


Mae La Refugee Camp တွင်ကရင်အမျိုးသားအလံကို လွင့်တင်ခြင်းအခွင့်မပေးသောကြောင့်..
ကရင်အလံကိုမိုးပျံပူပေါင်းဖြင့်လွင့်တင်နေသောပုံ....မှတ်ချက်။ ။Mae La Refugee Camp သည်ထိုင်းနိုင်ငံအတွင်းမှာရှိသောကြောင့်ကရင်အလံကိုတင်ခွင့်မပေးပါ။ထို့ကြောင့်ကရင်အလံကို
ရသောနည်းဖြင့်တင်ဖြစ်အောင်တင်လိုက်ပါသည်။

ပထမဆုံးသော ကရင်နှစ်သစ်ကူးနေ့ အသံလွှင့်မိန့်ခွန်း

ယနေ့သည် သမိုင်းဝင်နေ့ဖြစ်ပါသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုသော ကရင်အမျိုးသား နေ့လည်း ဖြစ်ပါသည်။ ဤနေ့ရက်သည် ကရင်တမျိုးသားလုံး၏ မင်္ဂလာအခါနေ့လည်း ဖြစ်ပါသည်။

တသီးတခြား၊ တကွဲတပြား နေထိုင်လာခဲ့ကြရာမှ ကျွန်ုပ်တို့သည် ယနေ့မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့် နိုင်ငံတော် အရေးအခင်းတွင် ပါဝင်ဆောင်ရွက် ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကြမ္မာကို ဖန်တီးရာ၌ အဓိကကဏ္ဍမှ ပါဝင်နိုင်ကြမည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့လူမျိုး ဆိတ်သုဉ်းမသွားပဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့၏ ပယောဂ ကျေးဇူးကြောင့်မှ မဟုတ်ပဲ ကျွန်ုပ်တို့၏ ထူးခြားသော ပင်ကိုယ်အရည်အချင်း များကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ၊ ရိုးသားကြသည်။ စိတ်ထား ဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတူပေါင်ဖက် ဆက်ဆံပေါင်းသင်း သွားခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသား ဂုဏ်သိက္ခာ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်းဖြင့် မြှင့်တင်ခြင်းများ ပြုနိုင်သည်ဟု ယုံကြည်ကြသည်။

ကျွန်ုပ်တို့တတွေ ဆုံးဖြတ်ချက်ချရမည့်အချိန် ကျလာခဲ့ပါပြီ။ ကျွန်ုပ်တို့သည် ယခင်ကဲ့သို့ပင် တသီးတခြား ရပ်တည်၍ မိမိတို့ဘ၀ ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ ကြမ္မာကို ဖန်တီးရာ၌ တတပ်တအား လက်တွဲပါဝင် ဆောင်ရွက်ကြမည်လော။

ကျွန်ုပ်တို့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးမှုကို တည်ဆောက်ရင်း၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင် ဆောင်ရွက် ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသား ခေါင်းဆောင်များ အနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်နိုင်ငံတော် အကျိုးစီးပွားကို ဦးလည်မသုန် ဆောင်ရွက်ကြမည်။

ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုးသား အမွေအနှစ်များ၊ ရှေးဟောင်း ကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ ယွာ ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့၏ ဆုံးမသြ၀ါဒကို ပြန်လည် ကျင့်သုံးကြပါမည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တဦးချင်း အနေဖြင့် လည်းကောင်း၊၊ တအိမ်တမိသားစု အနေဖြင့်လည်းကောင်း၊ ဘ၀သစ် တရပ်ကို ပါဝင်ဖန်တီး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။

ခေတ်နှင့်လျှော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ ကြံဆချမှတ်ကာ ကြောက်ရွံ့မှုကင်းစွာ နေထိုင် ကျင့်ကြံခြင်း ပြုလျက် အခြားသော တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးများ ပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွား ကြမည်။

ထို့ကြောင့် ကျွန်ုပ်တို့တတွေသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြု လုပ်ငန်းများတွင် ဖော်ပြပါ ယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့ရက်မြတ် - ကရင်နှစ်သစ် မင်္ဂလာအချိန်တွင် အဓိဋ္ဌာန်ပြုကြပါစို့။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner